Sunday, January 4, 2009

အမေရိကန်သမ္မတ ဘုရှ်နဲ့ ကုလအတွင်းရေးမှုးချုပ်တို့ နောက်ဆုံးတွေ့ဆုံပွဲမှာ မြန်မာ့အရေးဆွေးနွေးမယ်


2009-01-03
သမ္မတ တာဝန်ကထွက်တော့မယ့် အမေရိကန်သမ္မတ မစ္စတာ ဘုရှ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ လာမယ့် အင်္ဂါနေ့မှာ သမ္မတအဖြစ် နောက်ဆုံးတွေ့ဆုံ နှတ်ဆက်တဲ့အခါ မြန်မာနိုင်ငံအရေးကိုလည်း ထည့်သွင်း ဆွေးနွေးလိမ့်မယ်လို့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Gordon Johndroe က ပြောကြားလိုက်ပါတယ်။
မစ္စတာ ဘန်ကီမွန်းနဲ့ ဇနီးသည်တို့ ကို သမ္မတနဲ့ သမတကတော်တို့ က သမ္မတ အိမ်ဖြူတော်မှာ နေ့လည်စာ တည်ခင်းဧည့်ခံဖို့ စီစဉ်ထားတာပါ။ ဒီနေ့လည်စာ ဧည့်ခံပွဲဟာ သမ္မတ ဘုရှ်အနေနဲ့ မစ္စတာဘန်ကီမွန်းကို ကျေးဇူးတင်စကားပြောကြားဖို့ အခွင့်အရေးတရပ် ဖြစ်ပါလိမ့်မယ်လို့ သမ္မတ အိမ်ဖြူတော်ကြေညာချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့(၂)နှစ်ကာလအတွင်း ကုလသမဂ္ဂမှာ မစ္စတာဘန်ကီမွန်းရဲ့ ဦးဆောင်မှုနဲ့ အဓိကကျတဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပူးပေါင်း ဆောင်ရွက်တာတွေနဲ့ ပတ်သက်ပြီး မစ္စတာဘုရှ်က ကျေးဇူးစကား ပြောခွင့်ဖို့ အခွင့်သာမယ်လို့ ပြောပါတယ်။
ခေါင်းဆောင် ၂ ဦးဟာ ကုလသမဂ္ဂ၊ အရှေ့အလယ်ပိုင်း၊ ဆိုမာလီယာ၊ ဒါဖောဒေသက ငြိမ်းချမ်းရေးတပ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ အနာဂတ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ Johndroe က ပြောပါတယ်။
ဒါ့အပြင် လွတ်မြောက်ရေး၊ ဒီမိုကရေစီနည်းကျတဲ့ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး ရရှိရေးတို့ကို ကုလသမဂ္ဂအနေနဲ့ မြှင့်တင်ဆောင်ရွက်ပြီး အကြမ်းဖက်မှု ကင်းဝေးတဲ့ ကမ္တာကြီးဖြစ်လာဖို့ ထိထိရောက်ရောက် ဆောင်ရွက်ရေးကို မစ္စတာဘုရှ်က တိုက်တွန်း လိမ့်မယ်လို့လည်း ဆိုပါတယ်။

No comments: